Saturday, June 23, 2012

ဆောင်းဦးရဲ့ အလွမ်း





ချစ်တဲ့ မေမေရေ……..

ဆောင်းဦးဝင်ပြီလေ။ ပူတဲ့ နွေကို ကျော်ဖြတ်ပြီး ဆောင်းဦးဝင်စမှာ ချမ်းစိမ့်စိမ့်နဲ့ နေလို့ ကောင်းလှတယ်။ ဆောင်းအကုန် နွေဦးတုန်းက မေမေ့ဆီ စာရေးတုန်းကလို အနွေးထည်တွေ ထပ်ဝတ်နေရပြီလေ။ နွေဦးလိုတော့ ပန်းတွေ မပွင့်လာဘူး။ ဒါပေမယ့် ဆောင်းဦးဆိုရင် သစ်ရွက်လေးတွေ အရောင်ပြောင်းတော့မယ်။ ဆောင်းဦးမှာ သစ်ရွက်လေးတွေ
အရောင်ပြောင်းတာကို မေပယ်လ်(maple)ရွက် လေးတွေကို ခေါ်သလို ဒန်းဖူန်းလို့ပဲ ခေါ်တယ်လေ။ အရွက်တွေ အရောင်ပြောင်း လာရင်တော့ သိပ်လှတယ်။ မေမေ့ကို ပြချင်လိုက်တာ။ အနီ အဝါ အစိမ်း လိမ္မော်ရောင် ရောယှက်နေတဲ့ သစ်ပင် သစ်ရွက်တွေဟာ ပန်းမပွင့်ပေမယ် သိပ်လှတာပါပဲ… ကိုရီးယားလို လေးရာသီရှိတဲ့ နိုင်ငံတွေမှာတော့ ရာသီပြောင်းတာနဲ့ သစ်ပင်တွေက လိုက်ပြောင်းတာလေ ဆောင်းဦးဆို အရွက်တွေ အရောင်ပြောင်းလာတယ်လေ။ အရွက်တွေ မကြွေခင် ဒါန်းဖူန်း သွားကြည့်တယ်ဆိုပြီး ကိုရီးယားလူမျိုးတွေက တောင်ပေါ် တက်ကြည့်လေ့ ရှိကြတယ်။ ခုတော့ နဲနဲစောသေးတယ်။ နွေဦးတုန်းက မေမေ့ဆီ ရေးပြဖူးသေးတယ်နော်…


ဒီမှာတော့ နိုဝင်ဘာ လလယ်လောက် ရောက်ပြီဆို ကျောင်းရှေ့က အွန်းနှမ်း သစ်ပင်တွေက အရွက်တွေအားလုံး အဝါရောင်ကို ပြောင်းကုန်ကြတယ်။ အရောင်ပြောင်းပြီး တပါတ် ၂ပါတ်လောက် ကျော်လာရင်တော့ ကြွေကျတော့မယ်လေ။ ကိုရီးယားမှာက ရာသီဥတုပြောင်းလဲတာ သိပ်မြန်တယ် မေမေ… ဒီနေ့ပူပြီး မနက်ဖြန် တအား အေးချင်အေးတာ။ တပါတ်အေးလိုက် တပါတ်နွေးလိုက်နဲ့ပါပဲ။ တခါတရံတော့ နေ့လည် နေပူထဲမှာတောင် လေတိုက်လိုက်တိုင်း စိမ့်နေအောင် အေးတော့တာပဲ။

ဒီရာသီမှာတော့ ခုအချိန်ဆို ဟင်းသီးဟင်းရွက်တွေလည်း ဈေးပေါတယ်။ ဆောင်းရောက်ပြီ ဆိုရင်တော့ အသီးအရွက်တွေက သိပ်ဈေးကြီးတယ်။ ဆောင်းမှာ နှင်းတွေကျတော့ စိုက်ပျိုးရတာ မလွယ်ကူဘူးပေါ့။ ဒီရာသီကတော့ ကိုရီးယားမှာ ဈေးဝယ်ထွက်လို့လည်း ကောင်းတယ်လေ… တခါတလေ စနေတနင်္ဂနွေ ပိတ်ရက်တွေမှာ ဈေးသွားပြီး မြန်မာဟင်းနဲ့ ကိုရီးယားဟင်းတွေ ချက်စားတယ်။ ချက်စားတိုင်း အိမ်ကို သတိရတယ်။ ဒီရာသီက မြန်မာပြည် ဆောင်းလိုအေးတော့ မေမေချက်တဲ့ ချဉ်ရည်ဟင်း ပူပူလေးကို စားချင်မိတယ်။ ကိုရီးယားမှာတော့ အချဉ်ဟင်းအတွက် မန်ကျည်းသီးက မရှိတော့ ကင်မချီနဲ့ ချက်တယ်လေ။ မန်ကျည်းသီးတို့ ကြက်ဟင်းခါးသီးတို့လို ဟာတွေကို အရှေ့တောင်အာရှက ကုန်စုံဆိုင်တွေမှာတော့ ဝယ်လို့ ရတတ်ပေမယ့် သမီးနေတဲ့ နေရာမှာတော့ မရှိဘူး။ ဆောင်းဦးဆိုတော့ ကင်မချီ ဟင်းရည်ပူပူလေးက သောက်လို့ကောင်းတယ် မေမေရေ … မြန်မာပြည် ပြန်ရောက်မှ ချက်စားကြမယ်လေ။

ခုဆိုရင် ဒီရက်ပိုင်းမှာ ရုတ်တရက် အေးလာလိုက်တာ လေတိုက်ရင် တအားပဲ ချမ်းတယ်။
မနေ့ညကဆိုရင် အတော်အေးတယ်လေ ရန်ကုန်ဆောင်းထက် ပိုအေးမလားပါပဲ။ တခါတလေတော့ ခုလို အေးလာရင် အိမ်ကို သိပ်လွမ်းတယ်… အထူးသဖြင့် မေမေ့ကိုပေါ့… အအေးကြောက်တဲ့ မေမေ့ရဲ့ အနားမှာ ကြောင်လေးလို ကပ်ပြီး နေချင်တာလေ။

ဘာလိုလိုနဲ့ သမီးတောင် ကိုရီးယား ဆောင်းဦးကို ကျော်ဖြတ်ခဲ့တာ များပြီပေါ့။ မေမေလည်း သမီးကို သတိရမှာပဲနော်။ သမီးတော့ မေမေရဲ့ အိမ်ကို အရမ်းသတိရတယ်။ ဒီလို မနက်ဖက်ဆိုရင် အေးအေးချမ်းချမ်းလေးမှာ မေမေဖျော်ပေးတဲ့ ကော်ဖီပူပူလေး သောက်ချင်မိတယ်။ တခါတရံတော့ အိမ်မှာဆို ဇိမ်ကျနေရပြီး ငါဒီမှာ ဘာအတွက် လာလုပ်နေတာပါလိမ့်လို့ တွေးမိသေးတယ်။ ကိုယ်ဖြစ်ချင်တာတွေမှ မပြီးဆုံးသေးတာကိုး….. လောဘကြီးတဲ့ မေမေ့ရဲ့ သမီးက အောင်မြင်လာမှ ပြန်လာချင်တယ် မေမေရယ်။ စိတ်ကူးတွေ များလှတဲ့ သမီးဟာ မေမေ့ရင်ခွင်မှာ နေတာ ခုတော့ အိမ်မက်တွေ အနေနဲ့ပဲ ရှိနေပါတော့တယ်။ အပြင်မှာ တကယ်ပဲ ချမ်းအေးတဲ့ ဆောင်းဦးမှာ မေမေရဲ့ ရင်ခွင်ထဲမှာ ခဏတော့ နေချင်မိတယ်။ ချစ်သမီးရဲ့ အိမ်မက်တွေက အများကြီးပေါ့…

ဆောင်းဦးဟာ စိတ်ကူးယဉ်စရာ သိပ်ကောင်းလှပါတယ်။ အနွေးထည် လှလှလေးတွေဝတ်ပြီး စိတ်ကူးလေးနဲ့ သစ်ရွက်ကြွေလေးတွေ ဖုံးနေတဲ့ လမ်းပေါ်မှာ လမ်းလျှောက်ရင်းပေါ့… အေးလှတဲ့ ရာသီမှာ လက်ကို နွေးစေဖို့ တခါတလေ ချစ်သူလက်ကို ကိုင်ပြီး လမ်းလျှောက်ချင်မိတယ်။ စိတ်ကူးယဉ်တတ်တဲ့ အရွယ်ဆိုပြီး ဆယ်ကျော်သက် ၁၃၊ ၁၄နှစ်ကို ပြောပေမယ့် တကယ်တော့ စိတ်ကူးယဉ်တတ်တဲ့ အရွယ်ဆိုတာ သီးခြားမရှိဘူး ထင်ပါရဲ့နော်… ခုထိ သမီးတော့ စိတ်ကူးယဉ်မိတုန်းပါပဲ။ စိတ်ကူးထဲမှာ ပျော်စရာတွေ အပြည့်နဲ့ပေါ့။ ခုလို ဆောင်းဦးဆိုရင် စိတ်ကူးယဉ်ချင်စရာ သိပ်ကောင်းတာပဲ မေမေ… သစ်ရွက်လေးတွေ ကြွေကျပြီး အေးချမ်းတဲ့ ရာသီမှာ ကဗျာလေးတွေ ရေးမလား စာတွေရေးဖို့ စိတ်ကူးမလားလို့ပေါ့… မေမေက စာတွေ ကဗျာတွေ ဝါသနာပါတော့ သမီးခံစားချက်တွေကို သိမှာပဲနော်…

အခန်းထဲမှာ သီချင်းအေးအေးလေးတွေ နားထောင်ရင်းနဲ့ ရေနွေးသောက်ရင်း ဆောင်းဦးရဲ့ ညဘက်တွေမှာ ကုန်ဆုံးရတာ လွမ်းသလိုလိုနဲ့ အရသာရှိတယ်လို့ ခံစားရတယ်။ ကဗျာ မရေးတတ်တဲ့ မေမေ့ရဲ့ သမီးက ကဗျာချရေးချင်မိတယ်။ ဆောင်းဦးမှာ လေတိုက်တိုင်း တရွက်ချင်း ကြွေကျလာတဲ့ သစ်ရွက်လေးတွေကို လိုက်ဖမ်းရတာက ပျော်စရာကောင်းသလို ကြွေကျလာတဲ့ အရွက်လေးကို လှမ်းကြည့်ရတာက ရင်ခုန်စရာကောင်းတယ်။ မေမေ ငယ်ငယ်ကကော အဲသည်လို ထင်ခဲ့ဖူးလားဟင်။ ဒါကိုပဲကြည့်ပြီး ကဗျာတပုဒ်လို ခံစားကြည့်ရမလားပဲနော်...

သည်အချိန်မှာ တယောက်ယောက်နဲ့ အတူရှိနေချင်မိတယ်။ ကိုယ်ချစ်တဲ့သူနဲ့ အတူ သည်လို အေးမြတဲ့ ရာသီလေးမှာ နေရတာ ပျော်စရာကောင်းမယ် ထင်မိပါရဲ့… သည်အချိန်မှာ စိတ်ကူးယဉ်ရရင်တော့ ချစ်သူရဲ့ နှလုံးသားထဲကို အတူလိုက်ပါမိချင်တယ်။ အချစ်ဆိုတာ ဒီလိုပါလားလို့ သေခြာ ခံစားကြည့်ချင်တယ်။ အေးတဲ့ရာသီမှာ တစုံတယောက်က ထွေးပွေ့ထားတာခံချင်မိတယ်… ခစ်… မေမေ ငယ်ငယ်ကလည်း စိတ်ကူးယဉ်မှာပဲနော်…

ချစ်တဲ့ မေမေနဲ့လည်း အတူ လက်ချိတ်ပြီး ဈေးဝယ်ရင်း လမ်းလျှောက်ချင်မိပါတယ်။ တခါတလေ သားအမိ တတွေ ကော်ဖီသောက်ရင်း စကားတွေ ပြောချင်မိတာပေါ့… ဆောင်းဦးရွက်ကြွေချစ်သက်သေ (ဆောင်းဦးပုံပြင်) ကိုရီးယား ဇာတ်ကားလေးကို အတူကြည့်ရင်း မျက်ရည်ဝဲခဲ့ တာတွေကို လွမ်းမိတယ်။ ဇာတ်လမ်းထဲက ကိုရီးယား မင်းသမီးလေး မိသားစုနဲ့ ခွဲရတာရယ် သူနေမကောင်းဖြစ်တာကိုရယ် ကြည့်ပြီး တကယ်ပဲ ငိုချင်မိခဲ့သေးတယ်။ ခုတော့ တယောက်ထဲ နေမကောင်းတဲ့အခါ ငိုဖို့ အချိန်မရနိုင်အောင်ပါပဲ… မေမေ့ကို သတိရလို့ ငိုချင်တာက လွဲရင်ပေါ့…

ဘာပဲဖြစ်ဖြစ် ဆောင်းဦးကို ဝင်လာတော့ အအေးကြိုက်တဲ့ သမီးက စိတ်ချမ်းသာမိတယ်။ သစ်ရွက် ရောင်စုံလေးတွေကို ကြည့်ရတာ ကြည်နူးမိတယ်လေ… ခုထိတော့ အရွက်လေးတွေ ကြွေမကျသေးဘူး။ လေတိုက်တိုင်း ကြွေကျလာမယ့် သစ်ရွက်လေးတွေကို လိုက်ဖမ်းဆုပ်ချင်တယ်။ ဒါပေမယ့် အရောင်တွေ ပြောင်းသွားပြီး ပန်းပွင့်လေးတွေလို လှနေတဲ့ သစ်ရွက်ကလေးတွေ အားလုံးမြေပေါ်မှာ ကြွေကျသွားမှာကိုတော့ နှမျောမိတယ်။

ရာသီတွေပြောင်းပြီး သစ်ပင်တွေက အစ ပုံစံစုံ ပြောင်းလာတာ တွေ့ရတော့ လူဘဝဟာလည်း နေရာဒေသ အခြေအနေအရ ပြောင်းလဲလာရတဲ့ သဘောကို နားလည်လာမိတော့တယ်။ မေမေ့ရဲ့ ချစ်သမီးလည်း နေရာဒေသ အခြေအနေအရ လိုက်ပြောင်းလဲဖို့ လှုပ်ရှား ရုန်းကန်ရအုံးမှာပေါ့… မေမေရေ မကြာခင်ဆိုရင် စိမ်းနေတဲ့ သစ်ရွက်လေးတွေ အရောင်ပြောင်းပြီး လေထဲမှာ လှုပ်ရှားကြတော့မယ်…

အင်ကြင်း

No comments:

Post a Comment