Saturday, April 13, 2013

ကာယာနုပဿနာကျမ်းမှနှာခေါင်းအကြောင်းကိုလေ့လာကြည့်ခြင်း

ဃာနပသာဒရုပ်
        ဃာနပသာဒရုပ်ဟူသည် နှာခေါင်းတွင်း၌ ကြည်လင်ခြင်းသဘော၊ ဤဃာန၌လည်း စက္ခုမှာကဲ့သို့ သသမ္ဘာရနှာခေါင်းပေါက်၏ အတွင်းဆိတ်ခြေသဏ္ဍန်ရှိသောအရပ်၌ စက္ခုသောတတို့တွင် ဆိုခဲ့ပြီးသော အပြားအတိုင်း ဓာတ်လေးပါး အစရှိသည်တို့သည် ကျေးဇူးပြုလျက်ထောက်ပံ့စောင့်ရှောက်ခြံရံလျက်  ဃာနဝိဥာဉ် စသည်တို့၏ ဝတ္ထုဒွါရအဖြစ်ကို ပြီးစေလျက် ဃာနပသာဒရုပ်မည်၏ ။
လက္ခဏာစသည်လေးပါး
(၁)ဂန္ဓာရုံ၌ ထိခိုက်တတ်သော ဂန္ဓာရုံ၏ ထိခိုက်ရန်ဖြစ်သော ဘူတရုပ်လေးခုတို့၏ ကြည်လင်ခြင်း လက္ခဏာသည် ဃာနပသာဒရုပ်မည်၏ ။ (သို့မဟုတ်) နမ်းလိုရှုလိုသော  ဘဝတဏှာကြောင့်ဖြစ်သော ကမ္မဘူတရုပ်တို့၏ ကြည်လင်ခြင်းလက္ခဏာရှိ၏ ။
(၂)ပုဂ္ဂိုလ်ကို လည်းကောင်း၊ ဃာနဝိဥာဉ်ကိုလည်းကောင်း၊ အနံ့ကိုရှုရနမ်းရအောင် ဆွဲငင်ခြင်းကိစ္စရသရှိ၏ ။
(၃) ဃာနဝိဥာဉ်၏တည်ရာအဖြစ်ဖြင့် ရှေးရှုထင်ခြင်း ပစ္စုပဋ္ဌာန်ရှိ၏ ။
(၄)်အနံ့ကို နမ်းလိုရှုလိုသော ဘဝတဏှာကြောင့်ဖြစ်သော ကမ္မဇဘူတရုပ်တို့သည် နီးစွာသောဖြစ်ကြောင်း ပဒဋ္ဌာန်ဖြစ်၏ ။
ဤကား အဋ္ဌကထာ ဋီကာတို့တွင် ဆိုသောစကားတည်း။
 
 
 
အနာထမီကျမ်းအလို နှာခေါင်းပထမပိုင်း
 
         အနာထမီကျမ်း၌ကား နှာခေါင်းကို အောက်ပထမပိုင်း၊ အထက်ဖြစ်သော ဒုတိယပိုင်းဟူ၍ နှစ်ပိုင်းဝေဖန်၏ ။ ထိုနှစ်ပိုင်းတို့တွင်အောက်ဖြစ်သော ပထမပိုင်း၏အဖျားတွင် ကွင်းလျက်နေသော်အကွေးအောက် နှာဝဝဲယာအရိုးနုကြီးနှစ်ခု၊ ၄င်းအကွေး၏ အောက်အထက် မေးရိုးအထက်ကြားတွင် တစ်ဖက်လျင် အရိုးနုငယ်သုံးခုစီ၊ ၄င်းနှာဝအရိုးနုကြီးအထက်  ဝဲယာတစ်ခုစီ အရိုးနုကြီးနှစ်ခု၊ ၄င်းအရိုးနုကြီးနှစ်ခုကြာ်းနှာယောင်အလယ်တည့်တည့်နှာခေါင်းပေါက်နှစ်ခုတို့၏ အကန့်အပိုင်းအခြားဖြစ်သော အရိုးနုကြီးတစ်ခု၊ ဤသို့ အရိုးနု (၁၁)ခုရှိကုန်၏ ။
       ထိုအရိုးနုတို့ကိုလည်း ကိုယ်မှာကဲ့သို့ အရေထူ၊အရေပါးတို့ဖြင့် ဖုံးအုပ်ကုန်၏ ။ နှာခေါင်းအလယ်အကန့် အရိုးကြီး၏ အောက်နှာသီးဖျား၊ နှုတ်ခမ်းအထက်နှာခေါင်းပေါက်နှစ်ခုအကြား အကန့်တို့သည် အသားမျှင်အစုကို အမြှေးအရေဖုံးအုပ်လျက် အမွေးတို့၏ပေါက်ရောက်ရာဖြစ်၏ ။
 
နှာခေါင်း၏ဒုတိယပိုင်း
 
        နှာခေါင်း၏ဒုတိယပိုင်းသည် ပတူအုံကဲ့သို့ အပေါက်များစွာရှိသော အရိုးဖြစ်၏ ။ မျက်လုံးအောက် ဝဲယာအရိုးနှစ်ခုတို့သည် နှာခေါင်းအမြင့် ထက်ဝက်ရောက်အောင်တည်၏ ။ ထိုအရိုးနှစ်ခုအထက် နှာယောင်အရိုးနှစ်ခုသည် တည်၏ ။ ထိုအရိုးတို့၏ ပဒူအုံပေါက်အတွင်း ပတ်လည် နှပ်၏တည်ရာ အမြှေးအိတ်ငယ်အများရှိ၏ ။ ထိုအမြှေးအိတ်ငယ်တို့ကို ဖုံးအုပ်၍ အလွန်ပါးသောအမြှေးသည်ရှိ၏ ။
        နှာရည်အိတ်ငယ်တို့မှာ နှာရည်ထွက်သည့် ပြွန်တံတို့သည် ဖုံးအုပ်သောအမြှေး၌ ထွက်ရန်အပေါက်သို့ ရှေးရှုတည်ကြ၏ ။ ထိုအမြှေးတို့နှင့် နှာခေါင်းရိုးအပေါက်တို့သည် ဝါးလုံးခေါင်းတွင်း၌ အတွင်းပတ်လည်အမြှေးကပ်လျက်ရှိသကဲ့သို့ ဖြစ်၏ ။
 
နှာခေါင်း၏ရသကြောများ
 
        နှာရည်အိတ်ငယ်တို့ကြား၌လည်း ဦးခေါင်းမှလာသော ရသကြောတို့သည် အပြည့်ရှိကြ၏ ။ ထိုရသကြောမှဆင့်၍ဖြာသော အလွန်သေးငယ်သော ရသကြောတို့သည် နှာရည်အိတ်ကိုဖုံးသော အမြှေးပါ ပျံ့နှံ့လျက်တည်ရှိ၏ ။ "အနာထမီကျမ်းဆရာတို့အလိုအားဖြင့် ဤရသကြော၌ ဃာနပသာဒရုပ်သည်တည်၏ ။ "
       ဤနှာခေါင်းပေါက်ဒုတိယပိုင်းမှ ဝဲယာပါးရိုးသို့ သွားသောအပေါက်၊ နဖူးရိုးအတွင်းသို့သွားသော အပေါက်၊ နားကလာသောအပေါက် ၊ ခံတွင်းသို့သွားသောအပေါက်တို့လည်း ပေါင်းဆုံကြကုန်၏ ။ နှာခေါင်းမှ ဦးနှောက်ရောက်အောင်သွားသောအပေါက်မရှိ။ ထို့ကြောင့် ဦးနှောက်သည်ပျော်၍ နှပ်ဖြစ်သည်ဆိုသော အဋ္ဌကထာစကားကိုဆင်ခြင်အပ်၏ ။ ဤနှာခေါင်းဒုတိယပိုင်းကိုရည်၍ ဆိတ်ခြေသဏ္ဍန်အရပ်ဟု အဋ္ဌာကထာတို့တွင်ဆိုဟန်ရှိ၏ ။
 

No comments:

Post a Comment