လူသားသည် ကုသိုလ်(ပရဟိတအလုပ်)ကို လုပ်တတ်၏။ တိရစ္ဆာန်ကား မလုပ်တတ်။ ဤကုသိုလ်(ပရဟိတ အလုပ်)ကြောင့်သာလျှင် လူသားသည် တိရစ္ဆာန်ထက် သာလွန်မြင့်မြတ်သွားခြင်းဖြစ်၏။ ၃၁ ဘုံတွင် လူ့ဘုံတစ်ဘုံသာ ကုသိုလ်လုပ်၍ရသလော။ အခြားဘုံများတွင် ကုသိုလ်လုပ်၍ မရပြီလောဟု မေးခဲ့ငြားအံ့။ ”မရနိုင်” ဟုသာ ဖြေရပါလိမ့်မည်။ မရနိုင် ဟူသည် လူ့ဘုံကဲ့သို့ တင်းပြည့်ကျပ်ပြည့်မရနိုင်ဟု ဆိုလိုခြင်းဖြစ်၏။
လူ့ဘုံအောက်တွင်ရှိသော
အပါယ်လေးဘုံတွင် ဆင်းရဲဒုက္ခတွေ များလွန်းအားကြီးသောကြောင့်
မည်သည့်ကုသိုလ်မျှ ပြုလုပ်၍မရပေ။ လူ့ဘုံအထက်တွင်ရှိသော နတ်ဘုံ၊
ဗြဟ္မာ့ဘုံတို့တွင်ကား ချမ်းသာသုခတွေ များလွန်းအားကြီးသောကြောင့်
မည်သည့်ကုသိုလ်ကိုမျှ ကောင်းကောင်းလုပ်၍ မရပြန်ပေ။ ဥပမာအားဖြင့်
နတ်ပြည်နှင့် ဗြဟ္မာ့ပြည်တွင် အလှူခံပုဂ္ဂိုလ် မရှိသောကြောင့် ဒါနကုသိုလ်
မည်သို့မျှ မဖြစ်နိုင်ခြင်းမျိုးပင်တည်း။
ထို့ကြောင့် ဘုရားအလောင်းများသည် နတ်ပြည်သို့ရောက်လျှင် သက်တမ်းပြည့်မနေဘဲ သက်တမ်း၏ သုံးပုံတစ်ပုံလောက်သာ နေကာ မိမိကိုယ်ကို သေအောင်ပြု၍ လူ့ပြည်သို့ ပြန်သွားကြသည်။ လူ့ပြည်ရောက်မှ ဒါန၊သီလစသော ကုသိုလ်ပါရမီများကို တင်းပြည့်ကျပ်ပြည့် ဆည်းပူးကြသည်။ နတ်ပြည်သည် လူ့ဘဝက ရှာဖွေလာသော ကုသိုလ်များကို သုံးစွဲရာ ဈေးတန်းတစ်မျိုးသာဖြစ်သည်။

(((((လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကို မသိသောပညာမဲ့သည် လူ့ဘဝကို ကာမဂုဏ်ခံစားဖို့အတွက် အသုံးချ၍ အပါယ်လေးပါးသို့သွားသည်။ လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကို သိသောပညာရှိသည် လူ့ဘဝကို ကုသိုလ်ရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့သွားသည်။)))))
(အရှင်ဇဝန - မေတ္တာရှင်(ရွှေပြည်သာ) ရေးသားသော လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက် စာအုပ်မှ ကောက်နှုတ်ချက်)
No comments:
Post a Comment